မြန်မာ့ကျေးလက်ရနံ့ မွေးပျံ့ခဲ့သောသံပေါက်ကဗျားများ
ကဗျာအစသံပေါက်ကလို့ ရှေးစာဆိုကြီးများက အဆိုရှိဖူးပါတယ်။ အဲဒီစကားနှင့်အညီ သံပေါက်ကဗျာလေးတွေဟာ တစ်ချိန်တုန်းက မြန်မာစာပေလောကမှာကော ကျေးလက်ဒေသမှာကော အတော်ကလေးအသုံးဝင်ခဲ့ကြပါတယ်။ တွင်ကျယ်ပုံကိုလေ့လာကြည့်မယ်ဆိုရင်
မြန်မာကျေးလက်ဒေသရှိလယ်ယာကဏ္ဍမှာ အသုံးတွင်ကျယ်လျက်ရှိတဲ့ နွားများရဲ့ လက္ခဏာကို သံပေါက်ကလေးများအဖြစ် ရေးဖွဲ့ထားတာကို အခုလိုတွေ့ရှိရပါတယ်။ မမွေးအပ်သော နွား ၇ မျိုးမှာ “ အသားပွငြား၊ နိမ့်တင်ပါး၊ ထိုနွားမမွေးအပ်။ ပေါင်အနေစောင်း၊ ဒူးမြင်းခေါင်း၊ မကောင်းဟူပြီးမှတ်။ သွားကြားရေယို၊ တယ်လူးချို၊ နံတိုနံကြပ် မမွေးအပ်၊ မျက်တွင်းကျနွား၊ ခြေခွင်နွား၊ မွေးထားမပြုအပ်၊ မြေကပ်ပြီးပါ၊ ခြေကိုခါ၊ ခေါင်းမှာ တိုလတ်မမွေးအပ်၊ မွေးတိုမြီးရှည်၊ မွေးကြမ်းသည်လည်ရှည် တိုလတ်မမွေးအပ်၊ နွားခေါင်းရှည်ငြား၊ ထိုသည့်နွား၊ မွေးထားဘေးတွေ့တတ်၊ မမွေးင့်ငြား၊ ထိုထိုနွား ရှောင်ရှားသက်လုံးမှတ် ” လို့ဖြစ်ပါတယ်။ ဒီသံပေါက်ကလေးတွေကို နွားအသုံးပြုသူတောင်သူလယ်သမား ဦးကြီးများနဲ့ နွားအရောင်းအ၀ယ်ပြုကြသူများအနေနဲ့ အလွတ်ရအောင်နှုတ်တက်ဆောင်ကြရပါတယ်။
အဲသလိုမမွေးအပ်တဲ့ နွားတွေကိုသိပြီးတော့ မွေးသင့်တဲ့နွား (၉)မျိုးအကြောင်းကိုလည်း အခုလိုတွေ့ရှိရပါတယ်။
“ ထိပ်လယ်ကျားနေ၊ လည်ပင်းမွေးရှိနွားမြတ် မွေးမြူအပ်၊ ခြေလက်အဖြူ၊ မြီးဖျားဖြူ၊ ခွာမူရှည်လတ်မွေးမြူအပ်။ ကျောက်ကုန်းမှာဗွေ မြီးရင်ဗွေ၊ ရှိလေတုံလတ်မွေးမြူအပ်။ မျက်စိမျက်နှာ၊ တင့်တယ်စွာ၊ နားမှာတိုလတ်မွေးမြူအပ်။ ဆိုခဲလေငြား ထိုသည်နွားကောင်းစားစေတတ် သက်လုံးမှတ် ” ။
ဆက်လက်ပြီးတော့ ခုနစ်ရက်သားသမီးတို့မွေးသင့်တဲ့နွားများကိုလည်း အခုလိုပြဆိုပါသေးတယ်။ နေ့ခုနစ်ရက် “ ထိပ်လယ်ကျားနေ၊ လည်ပင်းမွေး ရှိလေနွားမြတ် မွေးမြူအပ်။ ခြေလက်အဖြူ၊ မြီးဖျားဖြူ၊ ခွာမူရှည်လတ် မွေးမြူအပ်။ ကျောက်ကုန်းမှာဗွေ မြီးရင်ဗွေ ရှိလေထုံတတ် မွေးမြူအပ်။ မျက်စိမျက်နှာ တင့်တယ်စွာ နားမှာတိုလတ်မွေးမြူအပ်၊ ဆိုခဲ့လေငြား ထိုသည်နွား ကောင်းစားစေတတ် သက်လုံးမှတ်။”
နွားမွေးချက်၊ တစ်သက်မှတ်လေကွဲ့။ တနင်္ဂနွေသား၊ မွေးသင့်ငြား၊ နွားမှာနီဖြူတဲ့။ တင်္နလာသား၊ မွေးဖို့ကား၊ နွားနီပြောက်ကျားတဲ့။ နွားနက်အင်္ဂါ၊ ဗုဒာနေ့သားနီကျားကျား မွေးထားကောင်းသည်တဲ့။ ကြာသပတေးသောကြာ၊ စနေမှာ ကြောင်ပြာအနှမ်းမွေးလေတဲ့။
အာလားတူနံသင့်နွားမွေးနည်းကိုတော့ အခုလိုရေးဖွဲ့ထားပြန်ပါတယ်။ တနင်္ဂနွေသား၊ မွေးသင့်ငြား၊ နွားနီနွားနက်တဲ့၊ နီပြောက်မွေးပါ၊ တင်္နလာအင်္ဂါဖြူကြားတဲ့။ ဗုဒနီဖြူ၊ ဂရုမူမွေးမြူနွားနက်တဲ့။ နှမ်းပြောက်သောကြာ၊ စနေမှာ၊ ဥစ္စာတက်မည်တဲ့။
နွားမွေးမြူဖို့ လက္ခဏာတွေချည်းပဲရေးထားတာလားဆိုတော့ ဒီလိုလည်းမဟုတ်ပါဘူး။ ခုနစ်ရက်သားသမီး မြင်းမွေးနည်းကိုလည်း အခုလိုရေးဖွဲ့ထားပါသေးတယ်။ မြင်မွေးကျမ်းကို၊ ပြညွှန်းဆို၊ လူဗိုလ်မှတ်နားသွင်း၊ တနင်္ဂနွေသားမှာ မွေးသင့်ရာ၊ ဆင်မှနီမောင်း ဖောင်းဝတ်မြင်း။ တနင်္လာမူ၊ ပြောက်အဖြူ၊ မှတ်ယူအုန်းခွံမြင်း။ အင်္ဂါမြင်းနက်၊ စိုင်လျော်ချက်၊ တစ်သက်မှတ်လေမင်း။ ဗုဒဟူးသားမူ၊ လေးဖက်ဖြူ၊ မဉ္စနီချင်းချင်း၊ ကြာသပတေးရွှေ၊ သောကြာပေ၊ မွေးလေခံသီးဆင်း၊ စနေနီနက် မွေးရန်ချက် ကျမ်းထွက်မှန်မယွင်း။ လို့ပါရှိပါတယ်။
ကျေးလက်နေပြည်သူတွေအနေနဲ့ ဆယ့်နှစ်ရာသီကို မှတ်ရလွယ်ကူအောင်အခုလိုသံပေါက်ကဗျာလေးတွေကိုလည်း ရေးဖွဲ့ပါသေးတယ်။ ရာသီမိသ၊ တန်းခူးလ၊ ဓါတ်ကျတေဇောသာ၊ ကံ့ကော်ရင်ခတ်၊ ပွင့်တုံလတ်၊ ခေါ်မှတ်ပွဲအတာ၊ ပြိသရာသီ၊ ပထ၀ီ၊ ယှဉ်မှီမြဲမကွာ၊ စကားမိုစွေ၊ ပွင့်မြဲပေ၊ ညောင်ရေပွဲတော်သာ။ ရာသီမေထုန်၊ လနယုန်၊ ဓါတ်ကြုံဝါယောသာ။ စံပယ်မြတ်လေး၊ ကြိုင်ကြိုင်မွေး၊ စာမေးပွဲတော်သာ။ ၀ါဆိုကြကဋ်၊ အာပေါဓတ်၊ မပြတ်ယှဉ်လေပါ။ ပုန်းညက်မဉ္ဖူ၊ ရနံ့ကြူ၊ ပွဲမူပဉ္ဖင်းသာ။ ၀ါခေါင်လည်းကြိမ်၊ ရာသီသိဟ်၊ ပြင်းရှိန်တေဇာသာ။ စာရေးတံပွဲ၊ လှူတော်မြဲ၊ ပွင့်မြဲပန်းခတ္တာ။ ဓါတ်ဆန်း၊ ပထ၀ီ၊ ကန်ရာသီ၊ အညီယှဉ်မြဲပါ။ ရင်းမာကြိုင်သင်း၊ တော်သလင်း၊ ရေကင်းပွဲတော်သာ၊ တူရာသီမှတ်ဝါယောဓါတ်၊ လမြတ်သီတင်းကျွတ်၊ကြာနီကြာညှိ၊ လန်းလန်းစို၊ မြင်းမိုရ်ပွဲမချွတ်။ ဗြိစ္ဆာရာသီ၊ ရေနှင့်မှီ၊ ခေါ်ညီအာပေါဓါတ်၊ ကထိန်တော်ပွဲ၊ လှူတော်မြဲ၊ ခ၀ဲရွှေပွင့်ချပ်။ ဓနူလျှင်၊ တေဇောယှဉ်၊ သဇင်ဂမုန်းပ။ မဟာပိန္နဲ၊ နတ်ကြီးပွဲ၊ ခေါ်မြဲနတ်တော်လေ။ ဓါတ်မြက်ပထ၀ီ၊ ယှဉ်ပြိုင်မှီ၊ ရာသီမကာရ။ မြင်းပွဲကြုံလို၊ လပြာသို၊ ခွာညှိဖူးငုံစ။ ယာဂုမီးပုံ၊ ရာသီကုန်၊ ဓါတ်ကြုံဝါယောပ။ ဆူးပန်းပေါက်လဲ၊ တပို့တွဲ၊ပွင့်မြဲသည်ကာလ။ ပိတောက်သရဖီမိန်ရာသီ၊ စေတီပွဲတော်ကျ။ အာပေါဓါတ်ပြောင်း၊ ရွက်သစ်လောင်းတပေါင်းဆိုသည်လ။ ဆယ်နှစ်လစဉ်၊ ဓါတ်လေးအင်၊ ပွဲလျှင်ဒွာဒသ။ ပန်းဆယ့်နှစ်ရုံ၊ ရနံ့လှုံ၊ မှတ်ကုန်မြဲနိစ္စ။ ရယ်လို့တွေ့ရပါသည်။
မိုးကိုမျှော်ပြီးတော့ စိုက်ကြပျိုးကြရတဲ့ ကျေးလက်ပြည်သူတွေအတွက် မိုးခေါင်မခေါင် သိရဖို့ရေးဖွဲ့ရာမှာတော့ မိုးခါဖြစ်လျက်၊ ပုရွက်အမျိုး၊ ရေအိုးအောက်ဝင်၊ ဖြစ်ခဲ့လျှင်၊ မိုးပင်ခေါင်တတ်စွ။ ဖားသတ္တ၀ါကား၊ ကုန်းကျက်စားမိုးများခေါင်တတ်လှ။ ဖားမြည်သံပါ။၊ ဖြစ်ကုန်ငြား၊ မိုးများသွေရှောင်ကြ။ ငှက်သိုက်မြေနား၊ ပြုလာငြား၊ မိုးများရွာဘူးပ။ ပုဇွန်ရေနား၊ တွင်းကိုထား၊ မိုးများခေါင်ကြောင်းပြ၊ ရေသတ္တ၀ါကုန်း ကုန်းသတ္တ၀ါရေ ကျက်စားလေ၊ မိုးသွေကွင်းမည့်ပါ့။”လို့ပြဆိုပါတယ်။
ကျေးလက်ရဲ့လူမှုဘ၀၀န်းကျင်ကို သံပေါက်ကဗျာလေးများနဲ့ရေးဖွဲ့ကြရာမှာတော့ အကြောင်းအရာစုံလင်လှပါတယ်။ စီးပွားတက်အောင် ယတြာဘုရားများထုလုပ်ကိုးကွယ်ပုံနဲ့ အသက်ရှည်အောင်ယတြာဘုရားများထုလုပ်ကိုးကွယ်ပုံတွေအထိ တွေ့ရှိရပါတယ်။
အချုပ်အားဖြင့် ပြောရရင်တော့ သံပေါက်ကဗျာတွေ မြန်မာ့ကျေးလက်ရနံ့မွှေးပျံ့ခဲ့ကြောင်းကို စာစဉ်စာဖတ်ပရိသတ်တွေသိရှိလေ့လာနိုင်ဖို့ အခုလိုရှာဖွေတင်ပြလိုက်ရပါတယ်။

Comments
Post a Comment