အထွေထွေ
အချိန်နှင့်နယူတန်
သာမန်လူများအတွက်ရယ်စရာတစ်ခုဟုဆိုနိုင်မယ့် မေးခွန်းတစ်ရပ်သည် ရူပဗေဒ ပညာရှင်ကြီးများကို ခေါင်းကိုစေလျက် ရှိပါသည်။ ထိုမေးခွန်းကား အခြားမဟုတ်ပါ။ ` အချိန်သည် နောက်ပြန်သွားနိုင်သလား ´ ဆိုတေသာမေးခွန်းဖြစ်ပါသည်။ နောက်ဆုံးပေါ်ခေတ်မီလှပါသည်ဆိုသော သိပ္ပံပညာသည်ဤမျှရိုးရှင်းသည်ဟု ယူဆရန်ရှိသော အချိန်၏` တစ်လမ်းသွားဖြစ်မှု ´ ကိုခိုင်လုံသော သီအိုရီဖြင့်သက်သေမပြနိုင်သေးပေ။
` ဘာကြောင့် အချိန်သည် နောက်ပြန်မသွားနိုင်သလဲ ´ ဆိုသော ပြသနာသည်လွန်ခဲ့သောနှစ်(၃၁၀)က စတင်ခဲ့ပါသည်။ လွန်ခဲ့သော နှစ်(၃၁၀)က အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင်ကြီး ` ဆာအိုင်ဖက် နယူတန် ´ သည် သူ၏ကမ္ဘာကျော် ` ပရင်စီပီယာ ´ ကျမ်းကြီးကိုထုတ်ဝေခဲ့ပါသည်။ ဤကျမ်းကြီး ပေါ်ပေါက်ခဲ့သည်မှစ၍ လူ့ယဉ်ကျေးမှု သမိုင်းသည် တဟုန်တိုးပြောင်းလဲတိုးတက်လာခဲ့သည်ဟုဆိုလျှင် လွန်အံ့မထင်ပါ။ မျက်မှောက်ခတ် သုံးစွဲနေသောမော်တော်ကား၊ မီးရထား၊ လေယာဉ်ပျံမှအစ ယနေ့ခတ်ထိတိုးတက်နေသော သိပ္ပံပညာရပ်များသည် နယူတန်တီထွင်ခဲ့သည့် မက္ကင်းနစ်ပညာ၏ကျေးဇူးနှင့်မကင်းပါ။ နယူတန်၏ မက္ကင်းနစ် သဘောတရားသည် အမြောက်ကျည်ဆံ၏ပျံသန်းမှုလမ်းကြောင်းမှအစ ကမ္ဘာနှင့်တကွ ဂြိုလ်များ၏နေပတ် လမ်းကြောင်းများကိုတွက်ချက်အဖြေထုတ်ပေးနိုင်သည်။ သို့ရာတွင် အံ့သြဖို့ကောင်းသည်မှာ နယူတ်၏မက္ကင်းနစ် သီအိုရီသည် ရှေ့သို့သာတစ်လမ်းတည်းသွားတတ်သော အချိန်၏မဖောက်မပြန်မှန်ကန်သည့် သတ္တိကို မလိုက်နာခြင်းပင်ဖြစ်သည်။ ထပ်မံရှင်းလင်းရသော် နယူတန်၏သီအိုရီတွင် အချိန်သည်အတိတ်နှင့် အနာဂတ်သို့ သွားသွား၊ အနာဂတ်မှအတိတ်တို့ပြန်ပြန်၊ ပြောင်းလဲထူးခြားမှုမရှိခြင်းပင်ဖြစ်သည်။ နယူတန်၏ ပညာအရ ကမ္ဘာမြေကြီး၏လက်ရှိတည်နေရာကို တွက်နိုင်သိနိုင်၏။ ထို့အတူ အချိန်နောက်ပြန်လှည့်ကြည့်ငြားအံ့။ ပြီးခဲ့သောတစ်နာရီကဖြစ်စေ၊ (သို့မဟုတ်) ပြီးခဲ့သောနှစ်တသန်းကဖြင့်စေ ကမ္ဘာရှိခဲ့သောတည်နေရာကိုလည်း အလားတူတွက်နိုင်သိနိုင်ပေ၏။ ဤသို့ဖြစ်ထင်ရှားလှသော နယူတန်၏ ထင်ရှားလှသောမက္ကင်းနစ်သည် အချိန်နောက်ပြန် ပြန်နိုင်သောသီအိုရီဖြစ်လျက်ရှိပေသည်။
အချိန်နှင့်အိုင်စတိုင်း
လူသားတို့၏အာရုံခြောက်ပါးနှင့် ခံစားသိရှိနိုင်သော စကြာဝဌာကြီးကို အလျား၊ အနံ၊ ထုသုံးဘက်မြင် လောကမှအချိန်အပါအ၀င် လေးဘက်မြင်အဖြစ်စတင်တွေးခေါ်ဖော်ထုတ်ခဲ့သူမှာ ကမ္ဘာကျော်သိပ္ပံပညာရှင် အိုင်စတိုင်းဖြစ်ကြောင်းအများကအသိပင်ဖြစ်သည်။ အချိန်မပါဘဲ ဟင်းလင်းပြင်သက်သက်ကိုသာ စဉ်းစား၍ မရနိုင်ကြောင်းအိုင်စတိုင်းကဖော်ထုတ်ခဲ့သဖြင့် အချိန်သည် စတုတ္ထဒိုင်မင်းရှင်းဖြစ်လာခဲ့ပါသည်။ သို့ရာတွင် အိုင်စတိုင်း၏ကမ္ဘာကျော် ` ရီလေတီဗီတီ ´ သီအိုရီကိုယ်နှိုက်ကပင် နယူတန်၏မက္ကင်းနစ်ကို အခြေခံတည် ဆောက်ရခြင်းဖြစ်သဖြင့် ` ရီလေတီဗီတီ ´ သီအိုရီသည်လည်း အချိန်နောက်ပြန်ပြန်သွားနိုင်သော သီအိုရီဖြစ် လျက်ရှိပေသည်။ အိုင်စတိုင်းနှင့်အလားတူ သိပ္ပံပညာရှင်ကြီးမက္ကဆွဲ၏ကမ္ဘာကျော် လျှပ်စစ်သံလိုက်သီအိုရီသည် လည်းကောင်း၊ ကွမ်တပ်မက္ကင်းနစ်သီအိုရီသည်လည်းကောင်း အချိန်နောက်ပြန်ပြန်သွားနိုင်သော သီအိုရီများ ဖြစ်လျက်ရှိလေသည်။ ဤသို့ဖြင့် ရူပဗေဒပညာရပ်၏ သမ္မာကျမ်းစာများသဖွယ် ကြီးကျယ်ခိုင်ခန့်လှသော သီအိုရီကြီးများသည် အချိန်နှင့်ပတ်သက်၍ ဘ၀င်မကျနိုင်စရာဖြစ်လျက်ရှိပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ရှင်းပြရန်ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရှင်ပညာရှင်ကြီးတစ်ဦးအား သုတေတီတစ်ဦးက မေတ္တာရပ်ခံသောအခါ ထိုပညာရှင်ကြီးက ` ဒီပြသာနာကို မစဉ်းစားဘဲတတ်နိုင်သမျှရှောင်တာအကောင်းဆုံးပဲ ´ ဟုသာ ပြန်လည်ဖြေဆိုနိုင်ခဲ့သည်။
အိုင်စတိုင်း ကိုယ်တိုင်သည်ပင်လျှင် အချိန်၏ပဟေဌိကိုအဖြေမညှိနိုင်သည့်အတွက် အတွေးအခေါ် ချွတ်ချော်တိမ်းမှားသွားခဲ့ပုံရသည်။ တစ်ခါက သူ၏ငယ်ပေါင်းကြီးဖော်သူငယ်ချင်းမစ်ချယ်ဘက်ဆို ကွယ်လွန်ချိန်တွင် ဘက်ဆို၏နှမဖြစ်သူထံသို့အိုင်စတိုင်းက ဤသို့စာတစ်စောင်ရေးခဲ့ဖူးသည်။
မစ်ချယ်ကတော့ ဤဆန်းပြားပွေလီတဲ့ လောကကြီးကနေကျုပ်ထပ်အရင်စောပြီး ထွက်ခွာသွားနှင့်ပြီ။ သို့သော်လည်း စောတယ်၊ နောက်ကျတယ်ဆိုတာဟာဖြင့် သိပ်တော့အရေးမပါလှပါ။ ဘာလို့လဲဆိုတော့ အတိတ်၊ ပစ္စုပန်၊ အနာရတ်ဆိုတာတွေဟာ ကျုပ်တို့လို ရူပဗေဒသမားတွေအတွက်တော့ တစ်ခုနှင့်တစ်ခု ဘာမှမကွဲပြားမခြားနားတဲ့ အာရုံ့ရဲ့လှည့်စားမှုသက်သက်မို့ပါပဲ….
အချိန်နှင့်သာမိုဒိုင်းနမစ်
အောက်စဖို့ဒ်တက္ကသိုလ်မှ သင်္ချာပညာရှင်ရောဂျာပင်ရို့စ်ကမူ အိုင်စတိုင်း၏ အတွေးအခေါ်ကို လက်သင့်မခံခဲ့ပေ။ ပင်ရို့စ်က ရှေ့သိုသာတစ်လမ်းတည်းသွားတတ်သောအချိန်ကို ရူပဗေဒက ရှင်းမပြနိုင်သေး သောသဘာဝတရား၏ မြားခုနှစ်စင်းအဖြစ်တွေးခေါ်ဖော်ထုတ်ခဲ့ပါသည်။ ဤဆောင်ပါးတွင် ပင်ရို့စ်၏ မြားခုနှစ်စင်းစလုံးကိုရှင်းပြရန်အခွင်မသာသော်လည်း ` အင်ထရိုပီမြား ´ ဟုအမည်ပေးထားသော သတ္တမမြား အကြောင်းအကျဉ်းမျှတင်ပြသွားပါသည်။ အင်ထရိုပီသည် `စနစ်တစ်ခု၏ ဖရိုဖရဲဖြစ်မှုအတိုင်းအတာ ´ အဖြစ်စဉ်းစားလျှင်နားလည်းရန်အရှင်းဆုံးဖြစ်သည်။ လက်ပတ်နာရီတစ်လုံး၏ စနစ်သည် လက်မှာပတ်ထားစဉ်တွင် အစီအစဉ်အကျဆုံးဖြစ်ပြီးလက်မှလွတ်ကျပြီး ကလီစာများ တစ်စစီပြန့်ကြဲနေစဉ်တွင် ဖရိုဖရဲအဖြစ်ဆုံးဖြစ်ပါသည်။ အင်ထရိုပီစကားဖြင့် ပြောရလျှင် လက်မှာပတ်ထားစဉ်တွင် နာရီ၏ အင်ထရိုပီသည် အနိမ့်ဆုံးဖြစ်ပြီး လွတ်ကျ၍ကွဲသွားစဉ်တွင် နာရီ၏အင်ထရိုပီသည် အမြင့်ဆုံးဖြစ်ပါသည်။
ထင်ရှားကျော်ကြားသော သာမိုဒိုင်းနမစ်၏ ဒုတိယဥပဒေသက `အင်ထရိုပီသည် အမြင့်ဆုံး အခြေအနေသို့ရောက်အောင် အစဉ်အမြဲတိုးတက်ပွားစီးလျက်ရှိသည်´ ဟု ဆိုပါသည်။ ရေသည်မြင့်ရာမှ နိမ့်ရာသို့အစဉ်စီးဆင်းကဲ့သို့ အင်ထိရိုပီသည် နိမ့်ရာမှ မြင့်ရာသို့ အစဉ်တိုးပွားလျက်ရှိပါသည်။ ဘာကြောင့်အင်ထရိုပီဤသို့အစဉ်အမြဲမြင်တက်နေရသည်ကိုမူ ယနေ့တိုင်သိပ္ပံပညာကခိုင်ခိုင်လုံလုံ မရှင်းပြနိုင်သေးပေ။ သို့ရာတွင် လက်မှလွတ်ကျ၍တစ်စစီကွဲကြောင်းကိုတော့ လူတိုင်းလက်ခံကြပါသည်။ အင်ထရိုပီသည် ရှေ့သို့သာအစဉ်အမြဲတိုးပွားနေသကဲ့သို့ အင်ထရိုပီ၏မြားဦးလှည့်ရာအတိုင်း အချိန်၏ မြားဦးသည်လည်း ရှေ့သို့သာတစ်လမ်းတည်းသွားလျက်ရှိလေသည်။ အင်ထိရိုပီသည်မြင့်ရာမှ နိမ့်ရာသို့ ပြန်မဆင်းနိုင်သကဲ့သို့ အချိန်သည်လည်းအနာဂတ်မှ အတိတ်သို့နောက်ကြောင်းပြန် မသွားနိုင်ပေ။ ဤကား ပင်ရို့စ်ရှင်းပြသော အချိန်၏သတ္တမမြားအကြောင်းဖြစ်ပါသည်။

Comments
Post a Comment